Friday, March 20, 2020

"ကွဲလွဲခြင်းနဲ့ ကွဲပြားခြင်း.."

ဘုရားက ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်ကို ခွဲခန့်မှတ်သားတာက ခရစ်တော်ထဲမှာရှိတဲ့အင်္ဂါချင်းတွေ အတူတကွပူးပေါင်းလုပ်ဆောင်ဖို့ဖြစ်ပါတယ်။ 

ကုလားအုပ်တိုင်းမှာ ဘုရှိသလို၊ အသင်းတော်တိုင်းမှာ ပြဿနာဆိုတာရှိပါတယ်။ ပြဿနာမရှိတဲ့အသင်းတော်ဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် ဘယ်ပြဿာနာမှ ရှောင်ပြေးဖို့ မကြိုးစားမိပါစေနဲ့။ အပေါင်းလက္ခဏာနဲ့ ဖြေရှင်းပြီး ပြဿနာတွေထဲကနေ ရင့်ကျက်ခြင်းကိုပဲ သင်ယူတတ်ပါစေ။

အသင်းတော်ဆိုတာ ရုပ်ပုံဆက်တဲ့ပဟေဠိ (Jigsaw Puzzle) တစ်ခုလိုပါပဲ။ Puzzle တစ်ခုနဲ့တစ်ခု ပုံသဏ္ဍန် (shape) အနေအထားချင်းမတူညီနိုင်ပါဘူး။ ဒီလိုပဲ အသင်းတော်မှာ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေ၊ စိတ်နေသဘောထားချင်းတွေ ၊ အကျင့်စာရိတ္တတွေ မတူညီနိုင်ပါဘူး။ 

တစ်ယောက်ရဲ့အားသာချက်ဖြစ်တိုင်း နောက်တစ်ယောက်က အားသာရမယ်လို့မှမရှိတာ။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့အားသာချက်တွေကို အတူပေါင်းစည်းကြတဲ့အခါ လစ်ဟာမှုမရှိပဲ ပြီးပြည့်စုံတဲ့ Puzzle တစ်ခုပုံပေါ်လာပါလိမ့်မယ်။ ပုံဖော်နေစဉ်အတွင်းမှာလည်း စိတ်ရှည်တတ်ပါစေနော်။
G Campbell Morgan ပြောတဲ့အရာလေးကို အလွန်သဘောကျမိပါတယ်။ 

"If you have no opposition in the place you serve, You're serving in the wrong place." သင်အစေခံတဲ့နေရာမှာ သဘောမတူညီနိုင်တဲ့ဆန့်ကျင်ဘက်ဖြစ်ခြင်းတွေမရှိဘူးဆိုရင်တော့ အစေခံတဲ့နေရာမှားနေလို့ပဲဖြစ်တယ်။ ဒီအရာက ပုန်ကန်ခြင်း (Rebellion) လုပ်ခြင်းကိုပြောနေတာမဟုတ်ပါဘူး။ 


ပုန်ကန်ခြင်း (Rebellion) ဆိုတာတိုက်ခိုက်ရန်လိုခြင်းနဲ့ သူတစ်ပါးကိုတမင်နာကျင်စေရန်ရည်ရွယ်ခြင်းတွေပါဝင်ပါတယ်။ အမြဲတမ်း Negative မြင်ခြင်းတွေပါဝင်ပါတယ်။
ဆန့်ကျင်ဘက်ဖြစ်ခြင်း (Opposition) မှာတော့ အကောင်းမွန်ဆုံးအတူတကွလုပ်ဆောင်ခြင်းထဲကနေ တစ်ယောက်နဲ့တစ်ယောက် သုံးသပ်ချက် အမြင်မတူတဲ့ရှုထောက်ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကွဲလွဲလို့ရတယ် ..ဒါပေမယ့် ကွဲပြားလို့တော့ မရဘူး။

အမြင်မတူတာလေးတွေအပေါ်မှာ ဘုရားဘိသိက်တဲ့ မိမိခေါင်းဆောင်အပေါ်မှာ ဝန်ခံခြင်းနဲ့သွားတတ်ဖို့ လိုအပ်ပါတယ်။ အသင်းတော်မှာ မဲခွဲရင်း စိတ်မကွဲဖို့အလွန်အရေးကြီးပါတယ်။ (စိတ်ကွဲရင်း စိတ်ကောက်တာတွေလည်းမဖြစ်သင့်ပါ)
အသင်းတော်ကို အဓိက ခြစားစေတတ်တဲ့အရာက အတင်းပြောခြင်း (Gossip) ဖြစ်ပါတယ်။

 အတင်းထဲမှာ အဖျင်းတွေပါတယ်။ အဖျင်းထဲမှာ အငြင်းတွေ ပါတယ်။ အငြင်းထဲမှာတော့ အချင်းများမှုတွေ ပါဝင်ပါတယ်။ ဒါတွေဟာစိတ်ဝမ်းကွဲခြင်းတွေရဲ့ အစဖြစ်တတ်ပါတယ်။
ခေါင်းဆောင်က ဟိုးအဝေးကြီးကိုမြင်တတ်ပေမယ့် ၊ တစ်ခါတစ်ရံ နောက်လိုက်ကမြင်တတ်ချင်မှ မြင်တတ်ပါလိမ့်မယ်။ ဒါပေမယ့် သင့်ခေါင်းဆောင်က ဘုရားခွဲခန့်မှတ်သားထားတဲ့ ဘိသိက်ခံသူတကယ်ဖြစ်တယ်ဆိုရင် သင်နားမလည်ပေမယ့် နာခံခြင်းနဲ့တကယ်လိုက်သွားတတ်ပါစေ။

(ဘိသိက်ဆိုတာ အထက်ကနေ အောက်ကိုစီးဆင်းပါတယ်။ သင့်ကိုဦးဆောင်နေတဲ့ဝိညာဉ်ရေးရာခေါင်းဆောင်များအားဖြင့် သင့်အသက်တာမှာ ဝိညာဉ်ဘိသိက်သာ၍စီးဆင်းပါစေ။ မိသားစုများအပေါ် ဘုရားကောင်းကြီးရှိပါစေ။)
မေရီသွေး

No comments:

Post a Comment