Saturday, February 2, 2013

မျက်လုံးသစ်

ခေါ်တော်မူသောကြောင့် မြော်လင့်ရသော အရာကား အဘယ်အရာဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့သည် ခံရသော အမွေတော် ၏ ဘုန်းစည်းစိမ်ကား  အဘယ်မျှလောက် ကြီးသည်ကို၎င်း...သင်တို့သည်သိစေခြင်း ငှာ သင်တို့၏ ဥာဏ်မျက်စိကိုလင်းစေပါ မည် အကြောင်း....။  ဧ ၁း ၁၈ - ၁၉
ကျွန်တော်တွေ့ဆုံခဲ့သော ကောလိပ် ကျောင်းသူတစ်ဦးသည် ခရစ်တော်ကို မကြာမီက ယုံကြည်လက်ခံခဲ့သည်။ သူ့အသက်တာပြောင်းလဲပုံ အစကို ဤသို့ပြောပြပါသည်။ “ကယ်တင်ခြင်း အတွက် ခရစ်တော်ကို ကျွန်မ ယုံကြည်ခဲ့တုန်းက ဘုရားသခင်ဟာ ကောင်းကင်ကနေ ဆင်းလာပြီး ကျွန်မမျက်လုံးအိမ်ထဲကို မျက်လုံးအသစ်တစ်စုံ ထည့်ပေးလိုက်သလိုပါပဲ၊ ၀ိညာဉ်ရေးရာ သမ္မာ တရားကို ကျွန်မနားလည်ခဲ့ရတယ်။” ကယ်တင်ရှင်နှင့် တွေ့ဆုံပြီးနောက် ၀ိညာဉ်ရေးအမြင်သစ် ရရှိပုံအကြောင်း နားထောင် ရသည်မှာ စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ သို့သော် သူမ၏အတွေအကြုံမှာ အထူးအဆန်း မဟုတ်ပါ။ ခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင် အရှင်သခင် အဖြစ် လက်ခံသူတိုင်း ၀ိညာဉ်မျက်စိဖွင့်ပေးခြင်း ခံရပါသည်။ သို့ငြားလည်း မြူဆိုင်းသောအချိန်များ ရောက်လာတတ်ပြီး ကျွန်ုပ်တို့၏အမြင်ရူပါရုံများ တိမ်ဖုံး၍ မရှင်းမလင်း ဖြစ်နေတတ်သည်။ ကိုယ်တော်နှင့် မိမိ၏ မိဿဟာယ ဆက်ဆံရေးကို ဂရုမပြုပါက ထိုသို့ ဖြစ်တတ်ပါသည်။
ရှင်ပေါလုက ယုံကြည်သူများ ၀ိညာဉ်ရေးရာ အမြင်ရှိအောင် အထူးဆုတောင်းပေး ခဲ့ရာ၊ ခရစ်တော်အားဖြင့် ဘုရားသခင်ပြုပေးခဲ့သောအမှု၊ ပြုဦးမည့်အမှုများကို အပြည့်အ၀ နားလည်ခံစားရရန် အလွန်အရေးကြီးကြောင်း သိနိုင်ပါသည်။ “ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကို၎င်း … သင်တို့သည် သိစေခြင်းငှာ ဥာဏ်မျက်စိကို လင်းစေပါမည်အကြောင်း” ရှင်ပေါလု ဆုတောင်းခဲ့သည် (ဧ ၁း ၁၈)။
ဝိညာဉ်ရေးရာသမ္မာတရားကို ပိုင်းခြားနားလည်စေရေး ယုံကြည်သူတစ်ဦးစီကို မျက်စိအလင်းများပေးထားပါသည်။ ကျွန်ုပ်တို့၏နှလုံးသားကို ဘုရားသခင်နှင့်ချိန်ညှိထား ပါက ကိုယ်တော်သည် ကျွန်ုပ်တို့အား ၀ိညာဉ်မျက်စိပွင့်စေပြီး ခရစ်တော်၌ ကျွန်ုပ်တို့အား ပေးသနားသည့် အရာအားလုံးကို တွေ့မြင်အောင် မစလိမ့်မည်။

No comments:

Post a Comment