Wednesday, September 25, 2019

လွဲမှားသည့် လုံခြုံရာအရပ်

 ဖတ်ရန်: မာ ၁း၉-၁၅ | သမ္မာကျမ်းစာတစ်နှစ်စာ: □ သီ ၆-၈ □ ဂလာ ၄ 
ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီ။ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့။ (း၁၅) ကျွန်တော့်၏ခွေးလေးရူးပတ် ခွေးပေါက်စအရွယ်က အပြင်ထွက်ရမည်ကို ကြောက်နေပြီး၊ ပန်းခြံသို့ သွားမည့်အရေး သူ့ကို ဒရွတ်တိုက်ဆွဲခေါ်ရသည်။ 

တစ်နေ့တွင် ပန်းခြံထဲရောက်ပြီးမှ ကျွန်တော် သူ့ကို လွတ်ပေးမိရာ သူ့အတွက် လုံခြုံရာ အိမ်သို့ တစ်ချိုးတည်း ပြန်ပြေးဝင်သွားတော့သည်။ ထိုအဖြစ်လေးကြောင့် တစ်ချိန်က လေယာဉ်စီးရင်း ကြုံတွေ့ခဲ့သည့် လူတစ်ဦးကို အမှတ်ရမိသည်။ လေယာဉ် စပြေးချိန်တွင် ‘‘လေယာဉ်ပေါ်မှာ ကျွန်တော် အရက် သောက်မယ်နော်’’ ဟု သူက ကျွန်တော့်ကို စခွင့်ပန်သည်။ ‘‘ခင်ဗျား သောက်ချင်ပုံမရပါဘူး’’ ဟု ကျွန်တော်ပြောရာ၊ ‘‘ဟုတ်တယ် မသောက်ချင်ဘူး။ 

ဒါပေမဲ့ ဒီလိုပဲ၊ သောက်ဖြစ် နေတာ’’ ဟု ပြောပြသည်။ အတိုချုံးပြောရလျှင် သူသောက်ပြီး မူးကာ လေယာဉ်ပေါ်မှဆင်းချိန်တွင် သူ့မိန်းမက နံစော်နေ သည့်ခင်ပွန်းကို တွဲပြီးဆင်းကာ၊ နောက် သူ့ကို တွန်းထုတ် ပစ်သည့်မြင်ကွင်းက စိတ်မချမ်းမြေ့ဖွယ်ပါ။ အသောက်အစားက သူ့အတွက် လုံခြံုမှုပေးသည်ဟု သူယူဆသည်။ သို့သော် လုံးဝ မဟုတ်ပါ။ 

‘‘ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ။ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့’’ (မာ ၁း၁၅) ဟူသည့် မိန့်မှာချက်ဖြင့် သခင်ယေရှု၏အမှုတော် အစပြုခဲ့သည်။ နောင်တ၏အဓိပ္ပာယ်မှာ ဦးတည်ရာကို ပြောင်းပြန် လှည့်လိုက်ခြင်းဖြစ်သည်။ ဘုရားသခင်၏နိုင်ငံတော်သည် သူ၏မေတ္တာဖြင့် အုပ်စိုးသော ကျွန်တော်တို့အသက်တာဖြစ်သည်။ 

ကျွန်တော်တို့ကို ထောင်ဖမ်းမည့် နေရာသို့ ပြေးခြင်းထက်၊ ကြောက်စိတ်၊ စွဲလန်းစိတ်များ၏လွှမ်းမိုးမှုခံရခြင်းထက် ကျွန်တော်တို့ကို ချစ်မေတ္တာဖြင့် အသက်သစ်နှင့် လွတ်မြောက်မှုဆီသို့ ပို့ဆောင်တော်မူ သည့် ဘုရားသခင်၏ အုပ်စိုးမှုကို ခံယူရန် သခင်ယေရှု မိန့်ကြားသည်။ ယနေ့တွင် ရူးပတ်လေးသည် ပန်းခြံဆီသို့ ဝမ်းမြောက်ပျော်ရွင်စွာ ပြေးလွှား သွားလေပြီ။ လေယာဉ်ပေါ်မှပုဂ္ဂိုလ်သည်လည်း လွဲမှားသည့်လုံခြုံရာကို စွန့်ပြီး ဝမ်းမြောက်ခြင်း၊ လွတ်လပ်ခြင်းများတွေ့ပါစေဟု ကျွန်တော် ဆုတောင်းမိတော့သည်။ SHERIDAN VOYSEY သင်ကြောက်ရွံ့ချိန်၊ စိတ်ဖိစီးခံရချိန်တွင် မည်သည့်လွဲမှားသော လုံခြုံရာသို့ သင်ပြေးဝင်သနည်း။ 

ထိုအရာကို စွန့်ပြီး ဘုရားသခင်၏ လွတ်လပ်သော အုပ်စိုးမှုအောက်သို့ မည်သို့ဝင်ရောက်မည်နည်း။ သခင်ယေရှု၊ ဘဝအဓိပ္ပာယ်နှင့် ပျော်ရွှင်မှုကို ရှာစဉ် ကိုယ်တော့်ထံ မပြေးဘဲ အခြားအရာနောက် လိုက်ပါပြေးမိခြင်းအတွက် ခွင့်လွှတ်တော်မူပါ။ 

ယခု အားလုံးကို ကျောခိုင်းလျက် ကိုယ်တော့်ထံ ဦးတည်လှည့်ပြန်လာပါ၏။ စစ်မှန်သော လွတ်ခြင်းသို့ လမ်းပြပို့ဆောင်တော်မူပါ။

No comments:

Post a Comment