Wednesday, January 16, 2013

16.01.2013
ငါ၏အကြံအစည်သည်  သင်တို့၏  အကြံ အစည်နှင့်မတူ။   ငါ၏အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့် မတူ။ ဟေရှာ ၅၅း၈
သခင်ယေရှုနှင့် ပတ်သက်၍ ကျွန်ုပ် စိတ်ဝင်တစား သိလိုသည့် အရာများစွာရှိသည်။ ကိုယ်တော်၏ အမှုတော်များမှ အသက်တာ အကြောင်း ဇောက်ထိုးမိုးမျှော် သြ၀ါဒများသည် လူကို တအံ့တဩ ဖြစ်စေပြီး၊ ခေါင်းခဲ စိတ်ရှုပ် စေသည်။
ဘ၀ခရီးကို လျှောက်လှမ်းစဉ် ဘ၀အကြောင်း ကောင်းစွာ နားလည်ပြီဟု တွေးမိသည့်အချိန် ရှိတတ်ပြီး၊ ဘ၀ကို ထိန်းကျောင်းသွားမည့် မိမိ၏ စိတ်ကူးပုံစံများ၊ တုံ့ပြန်လုပ်ဆောင်မည့် အစီအစဉ် များက အခိုင်အမာရှိထားသည်။ သို့သော် မိမိ၏ ပုံမှန် အစီအစဉ်၌ သခင်ယေရှုကကြားဖြတ်ဝင်ရောက်ပြီး ပိုကောင်းသော နည်းသစ်ဖြင့်အသက်ရှင်ရန် တောင်းဆိုသည်။ သို့သော်သတိပြုပါ။ သခင်ယေရှု၏ နည်းလမ်းနှင့် ကြုံဆုံရခြင်းက စိန်ခေါ်မှုကြီးပင် ဖြစ်သည်။
ဆန့်ကျင်ဖက် သဘောရှိသည့် အောက်ပါအဆိုများကို စဉ်းစားကြည့်ပါ။ အသက်ရှင်နိုင်ရေး အသေခံရမည်(မာ၊၈း၃၅) အကျိုးရရှိရေး ပေးကမ်းရမည် (မ၊၁၉း၂၁) စိတ်မသာညည်းတွားသူက မင်္ဂလာရှိ၏ (၅း၎) အုပ်စိုးနိုင်ရေး အစေခံရမည် (လု၊၂၂း၂၆) ဝေဒနာခံစားရခြင်း၌ အကြောင်းရင်း ရည်ရွယ်ချက်က ရှိနေပြန်သည် (၅း၁၀-၁၁)
ဤကဲ့သို့ အဆိုများကြောင့် ခရစ်တော်သည် ဘာကိုပြောနေမှန်း မသိ၊ အဆက်အစပ်မရှိ ဟု လူအများ တွေးမိကြသည်။ အမှန်တွင် ကျွန်ုပ်တို့ကသာ ကကြိုး ကကြောင် ဖြစ်နေသူများပါ။ ခရစ်တော် မဟုတ်ဘဲ ကျွန်ုပ်တို့ကသာ အဆီအငေါ်မတည့်သူပါ။ အကောင်းဆုံးအရာကို မိဘများသိသည်ထက် မိမိက ပိုသိသည်ဟု တွေးထင်နေကြသော ကလေးငယ်များနှင့် ကျွန်ုပ်တို့တူနေသည်။
ထို့ကြောင့်ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ၊ ငါ၏အကျင့် သည်လည်း သင်တို့၏အကျင့်နှင့်မတူဟု ဘုရားသခင်မိန့်ကြားချက်က အဆန်း မဟုတ်ပြီ (ဟေရှာ ၅၅ ) သို့ဖြစ်၍ ရှုပ်ထွေးမပြတ်သားသည့် မိမိ၏အသိစိတ်အပေါ် အမှီပြုမည့် အစား၊ သခင့်၏လမ်းနှင့်အလိုတော်ကို တုံ့ပြန်နိုင်စေရန် ကိုယ်တော့်ထံမစမှု တောင်းခံကြပါစို့။


No comments:

Post a Comment