Tuesday, January 29, 2013


ဝိညာဉ်ဆုကျေးဇူးများ  ၀ိညာဉ်သီးများ
၁ ကော ၁၂ ဂလာတိ ၅း၂၂-၂၃
၁။ ပညာတရား ၁။ ချစ်ခြင်း
၂။ ထိုးထွင်းသိမြင်ခြင်းတရား  ၂။ ၀မ်းမြောက်ခြင်း
၃။ ယုံကြည်ခြင်း  ၃။ ငြိမ်သက်ခြင်း
၎။ အနာရောဂါငြိမ်းစေခြင်း ၄။ စိတ်ရှည်ခြင်း
၅။ တန်ခိုးပြခြင်း  ၅။ ကျေးဇူးပြုခြင်း 
၆။ ပရောဖက်ပြုခြင်း ၆။ ကောင်းမြတ်ခြင်း
ရ။ စိတ်ဝိညာဉ်ကို ပိုင်းခြား၍သိခြင်း ရ။ သစ္စာစောင့်ခြင်း
၈။ အမျိုးမျိုးသော ဘာသာစကား ပြောနိုင်ခြင်း ၈။နူးညံ့သိမ်မွေ့ခြင်း 
၉။ ဘာသာစကား အနက်ကို ဖော်ပြနိုင်ခြင်း  ၉။ ချုပ်တည်းခြင်း
အခြေအနေတစုံတရာနှင့် ပတ်သက်၍ ဘုရား၏ စိတ်သဘော၊ ရည်ရွယ်ချက် နှင့် အလိုတော်ကို ထူးဆန်းစွာ သိရှိခြင်းသည် " ပညာတရားဆုကျေးဇူး " ကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သောကြောင့်၊ ဘုရားသခင်၏ ပညာတရားကို ရရှိထားလျင် ချစ်ခြင်းမေတ္တာရှိဖို့ရန် လိုပါသည်။ ပထမ " ၀ိညာဉ်ဆုကျေးဇူး " ကို ရှာဖွေပါလျှင်၊ ပထမ " ၀ိညာဉ်သီး " ကို ပိုင်ဆိုင်ဖို့ရန် လိုပါသည်။
တစ်စုံတစ်ရာကြောင့် လက်ငင်း လိုအပ်ချက် ဖြစ်ပေါ်လာလျှင် ထိုတစ်စုံတစ်ရာနှင့် ပတ်သက်သည့် ပညာဗဟုသုတများကို ထူးဆန်းစွာ ရရှိခြင်းသည် " ထိုးထွင်းသိမြင်ခြင်းဆုကျေးဇူး " ကြောင့် ဖြစ်သည်။ ခရစ်တော်သည် တမန်တော်များကို ပညာဗဟုသုတများကို ပြောပြရာ၌ သူ၏၀မ်းမြောက်ခြင်းကို သူတို့ထံသို့ ရောက်ရှိစေခဲ့သည်။ တမန်တော်များသည် ပညာဗဟုသုတတစ်ခုရတိုင်း ၀မ်းမြောက်ခြင်း ဖြစ်သကဲ့သို့ ၊ ကျွန်ုပ်တို့သည်လည်း"၀မ်းမြောက်ခြင်းဝိညာဉ်သီး"ရှိကြဖို့ရန်လိုပါသည်။
တခုခုထူးခြားလာမည်ဟု စိတ်ချနေခြင်းသည် " ယုံကြည်ခြင်း ဆုကျေးဇူး" ဖြစ်သည်။ ကောင်းကင်ဘုံရှိ အဖဘုရားသခင်အပေါ် ယုံကြည်မှု အနည်းငယ်ထားလျှင်ပင် ကျွန်ုပ်တို့ဘ၀၌ ငြိမ်သက်ခြင်းကို ဖြစ်ပေါ်စေသည်။ " အဘယ်သူမျှ ကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်း" မျိုး ကျွန်ုပ်တို့တွင် ရှိလျှင် လိုအပ်ချက်ပေါ်လာတိုင်း " ယုံကြည်ခြင်း ဆုကျေးဇူး " ကို ရဖို့ရန် ကျွန်ုပ်တို့ အသင့်ဖြစ်နေပြီ ဖြစ်သည်။ သို့ဖြစ်သောကြောင့် " ငြိမ်သက်ခြင်း ၀ိညာဉ်သီး " ကို အရင်ရှာဖို့ရန် လိုပါသည်။
" အနာရောဂါငြိမ်းစေခြင်း " သည် အနာရောဂါများကို ဘုရားသခင်၏ တန်းခိုးအားဖြင့် ထူးဆန်းစွာ ပျောက်ကင်းစေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် စိတ်ရှည်သည်းခံခြင်းရှိလျှင်၊ မည်သည့်အခြေအနေ၌မဆို ရှင်ပေါလုကဲ့သို့ ရောင့်ရဲ့တင်းတိမ်နိုင်မည် ဖြစ်သည်။ ရှင်ပေါလုသည် သူ၏အားနည်းခြင်း အဖြစ်၌ပင် ခရစ်တော်၏ စုံလင်ခြင်းရှိကြောင်း သဘောပေါက်နားလည်ခဲ့သည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အရာရာတိုင်း၌ စိတ်ရှည်သည်းခံခြင်းရှိပါလျှင် ဘုရားသခင်ထံမှ တန်ခိုးဖြင့် အနာရောဂါ ပျောက်ကင်းစေခြင်းကို ရရှိနိုင်ပါသည်။  ကျွန်ုပ်တို့သည် မည်သည့်အခြေအနေ၌မဆို ၀မ်းမြောက်နိုင်သောအခါ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အံ့ဘွယ်တန်ခိုးနိမိတ်များကို ဖြစ်ပေါ်စေသည်။ ကျွန်ုပ်တို့သည် " အနာရောဂါငြိမ်းစေခြင်း ဆုကျေးဇူး" ကို ရှာဖွေကြရန် မဟုတ်ပဲ၊ အနာရောဂါငြိမ်းစေခြင်းကို ဖြစ်စေသည့် ဘုရားသခင်နှင့်သာ မိသဟာရ ပြုဖို့ရန် ဖြစ်ပါသည်။
" တန်းခိုးပြခြင်း " ဆိုသည်မှာ သဘာဝအတိုင်း မလုပ်နိုင်သည့် အရာတခုကို ဘုရားသခင်၏ တန်ခိုးဖြင့် လုပ်နိုင်ခြင်း ဖြစ်သည်။ ခရစ်တော်သည် လူများစွာတို့ကို တန်ခိုးနိမိတ်များစွာ ပြုခဲ့သည့်အခါ ကြင်နာသနားစိတ်၊ ကျေးဇူးပြုလိုသောစိတ်ဖြင့် ပြုခဲ့ခြင်းဖြစ်သည်။ " ကျေးဇူးပြုလိုခြင်း ၀ိညာဉ်သီး " မရှိခဲ့ပါလျှင်၊ " တန်းခိုးပြခြင်း ဆုကျေးဇူး"ကို ဘုရားသခင်အလိုရှိသည့်အတိုင်း အသုံးပြုနိုင်မည်မဟုတ်ပေ။
" ပရောဖက်ပြုခြင်း"သည် ထူးခြားစွာဖွင့်ဆို ဖော်ပြခြင်း ဖြစ်သည်။ ထိုဖွင့်ဆိုဖော်ပြချက်တို့ကို  သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရုတ်တရက်နားလည်သိမြင်ခြင်းဖြစ်ပြီး ထိုဖွင့်ဆို ဖော်ပြချက်များ အားဖြင့် ခရစ်တော်၏ခန္ဓာကိုယ်(အသင်းတော်)ကို တည်ဆောက်ရန် ဖြစ်သည်။ကာင်းမြတ်ခြင်းဆိုသည်မှာ ဣနြေ္ဒစောင့်ခြင်း၊ရက်ရောခြင်း၊ ဖြောင့်မတ်ခြင်းတို့ ဖြစ်သည်။ ခရစ်တော်၏ခန္ဓာကိုယ်(အသင်းတော်)ကို တည်ဆောက်ရန် နှင့် တိုက်တွန်းသွေးဆောင်နိုင်ရန်မှာမူ ကျွန်ုပ်တို့သည် ပထမဦးစွာ ကောင်းမြတ်ခြင်းအင်္ဂါရပ်များနှင့် ပြည့်စုံရမည် ဖြစ်သည်။
" စိတ်ဝိညာဉ်များကို ပိုင်းခြား၍သိခြင်း " ဆိုသည်မှာ တွေ့မြင်နေရသည် ဖြစ်ရပ်များ နှင့် လုပ်ဆောင်မှုများ နောက်ကွယ်ရှိ ၀ိညာဉ်များကို မှန်ကန်စွာ သိမြင်နိုင်ခြင်းဖြစ်သည်။ ထိုဆုကျေးဇူးအားဖြင့် ကျွန်ုပ်တို့၏ ဘုရားသခင်၊ ကယ်တင်ရှင်အား ပိုမို၍ သစ္စာစောင့်သိနိုင်စေရန် ဖြစ်သည်။ ကျွန်ုပ်တို့၏ သခင်တဦးတည်းကိုသာ သစ္စာရှိခြင်းနှင့် သန့်ရှင်းသော ၀ိညာဉ်တော်၏ လုပ်ဆောင်ချက်များအပေါ် သစ္စာရှိခြင်းတို့အတွက်  " သစ္စာစောင့်သိခြင်း ၀ိညာဉ်သီး"သည် အခြေခံအုတ်မြစ်ဖြစ်သည်။ ထိုအပေါ်မှ ဆင့်၍၊ ဘုရားသခင်၏ ၀ိညာဉ်တော်အမှန် လုပ်ဆောင်မှုများကို သိမြင်နိုင်သော"စိတ်ဝိညာဉ်များကို ပိုင်းခြားနားလည်ခြင်း" ဆုကျေးဇူးကို လိုလားသင့်လှပေသည်။
" အမျိုးမျိုးသော ဘာသာစကား ပြောခြင်း " တွင် အဓိပ္ပါယ်ရှိသည့်၊ ကောင်းကင်ဘာသာစကားဖြင့် ဆုတောင်းခြင်းနှင့် သီဆိုခြင်းများ အကျုံးဝင်ဖြစ်သည်။ ရှင်ယာကုပ်က အထက်အရပ်(ကောင်းကင်အရပ်)မှ လာသော အရာများသည် စင်ကြယ်သည်၊ အသင့်အတင့်နေသည်၊ နူးညံ့သိမ့်မွေ့သည် ဟု ဆိုသည်။ " နူးညံ့သိမ့်မွေ့ခြင်း ၀ိညာဉ်သီး " ကို ဦးစွာ မရှာဘဲနှင့် " အမျိုးမျိုးဘာသာစကားပြောခြင်း ကဲ့သို့သော ဆုကျေးဇူး " ကို မည်ကဲ့သို့ ရှာ၍ ရပါမည်နည်း။
" ဘာသာစကား အနက်ကို ဖော်ပြခြင်း " ဆိုသည်မှာ၊ အထက်မှလာသော သတင်းစကားများကို ဝေငှနိုင်ရန်၊ အမျိုးမျိုးသော ဘာသာစကားများဖြင့် ပြောကြားချက်များကို ပြန်ဆိုခြင်းဖြစ်သည်။ တစုံတယောက်က သတင်းစကားများကို ပြန်ဆိုရာ၌ သူ၏ အတွေးအခေါ်နှင့် အယူအဆများကို ထည့်သွင်း ပြန်ဆို ခဲ့လျှင် ထိုသူကို မိမိ စိတ်ချပါမည်လား။ ဣနြေ္ဒကြီးခြင်း၊ ချုပ်တည်းမှု ကြီးခြင်းရှိသော သူကိုသာလျှင် မှန်ကန်တိကျသည့် သူအဖြစ် မိမိလိုလားပေလိမ့်မည်။ ကျွန်ုပ်တို့၏ အဖ၊ ထာဝရဘုရားသခင်သည့် ချုပ်တည်းသော၊ ဣနြေ္ဒကြီးသော သူများကိုသာ သူ၏ သန့်ရှင်းသည့် သတင်းစကားကို ပြန်ဆိုရန် လိုလားပေလိမ့်မည် မဟုတ်ပါလား။
ယုံကြည်သူ ကျွန်ုပ်တို့သည် သန့်ရှင်းသော ၀ိညာဉ်တော် မိမိတို့ထံ၌ ရှိကြောင်း သိရှိကြသည်။ သို့သော် အချို့သော ယုံကြည်သူများသည် သန့်ရှင်းသော ၀ိညာဉ်တော်ရှိနေခြင်းကို စိတ်ချခြင်း မရှိသောအခါ အခြားသောဘာသာစကားပြောခြင်း ကဲ့သိုသော " ၀ိညာဉ်ဆုကျေးဇူး " များကို ရှာဖွေ လာတတ်ကြသည်။ အမှန်မှာ သန့်ရှင်းသော ၀ိညာဉ်တော်သည် ယုံကြည်သူများအား " ၀ိညာဉ်ဆုကျေးဇူး " များကိုပဲ ပေးနိုင်သည်မဟုတ်ပါ။ " ၀ိညာဉ်သီး " များကိုလည်း ပေးနိုင်ပါသည်။  သို့ဖြစ်သောကြောင့် မိမိထံတွင် " ၀ိညာဉ်ဆုကျေးဇူး" များမရှိသည့်တိုင် " ၀ိညာဉ်သီး " များ ရှိနေလျင် သန့်ရှင်းသောဝိညာဉ်တော် ရှိနေခြင်းကို စိတ်ချသင့်ပါပြီ။ ထို  " ၀ိညာဉ်သီးများ " ပိုင်ဆိုင်ခြင်းထားခြင်း အဖြစ်မှ တဆင့်တက်၍ " ၀ိညာဉ်ဆုကျေးဇူး " များကို ဆက်လက်လိုလားကြလျှင် မှန်ကန်သော လိုလားခြင်းများ ဖြစ်ကြောင်း ရှုမြင်ရင်း နိဂုံးချုပ်အပ်ပါသည်

No comments:

Post a Comment