Thursday, January 6, 2022

"သဘောထားကွဲလွဲမှုကို ဖြေရှင်းခြင်း "

ခရစ်တော်သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူ ပြုကြလော့။ [ ကော ၃:၁၃ ] အင်အားကြီးလူမှုကွန်ယက် တွစ်တာသည် ကမ္ဘာတစ်ဝန်းရှိလူများ စိတ်ဝင်စားဖွယ် စကားအတိုများဖြင့် ထင်မြင်ချက်များကို ထိရောက်စွာဖော်ပြသည့် ပလက်ဖောင်းတစ်ခုကို ဖန်တီးခဲ့သည်။ သို့သော် မကြာမီနှစ်များအတွင်း လူတစ်ဦးချင်းစီသည် ၎င်းတို့နှင့် သဘောချင်းမတိုက်ဆိုင်သော နေထိုင်မှုပုံစံများနှင့် အပြုအမူများအတွက် အခြားသူများကို ပြစ်တင်ရှုတ်ချသည့် အရာတစ်ခုအဖြစ် တွစ်တာကိုစတင် အသုံးချလာသည့်အခါ ဤနည်းပညာက ပိုမိုရှုပ်ထွေးလာသည်။ မည်သည့်နေ့တွင်မဆို ပလက်ဖောင်းသို့ဝင်လိုက်လျှင် အနည်းဆုံး “ရေပန်းစားသော” လူတစ်ဦး၏အမည်ကို သင်တွေ့လိမ့်မည်။ ထိုနာမည်ကို နှိပ်လိုက်ပါက ပေါ်ပေါက်လာသည့် အငြင်းပွားဖွယ်ရာများနှင့်ပတ်သက်၍ သန်းနှင့်ချီသောလူများ၏ ထင်မြင်ယူဆချက်များ ဖော်ပြထားသည်ကို တွေ့ရလိမ့်မည်။ လူတို့၏ခံယူယုံကြည်ချက်မှ စ၍ အခြားသူဝတ်ထားသည့် အဝတ်အစားအပေါ် အထိ အရာအားလုံးကို ကျွန်ုပ်တို့ လူသိရှင်ကြား ဝေဖန်တတ်လာသည်။ သို့သော် အဖြစ်မှန်မှာ အန္တရာယ်ရှိသည့် မနှစ်သက်ဖွယ် ထိုစိတ်သဘောသည် ရှင်ယေရှုကို ယုံကြည်သူများအဖြစ် ဘုရားသခင်ခေါ်တော်မူသော ကျွန်ုပ်တို့နှင့် မကိုက်ညီပါ။ သဘောထားကွဲလွဲမှုကို ရင်ဆိုင်ဖြေရှင်းရမည့်အချိန်များ ရှိသော်လည်း ယုံကြည်သူများအနေနှင့် ကျွန်ုပ်တို့သည် “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်ခြင်း” တို့ဖြင့် အစဥ်အမြဲပြုမူရန် သမ္မာကျမ်းစာ က သတိပေးပါသည် (ကော ၃:၁၂)။ အခြားသူမဆိုနှင့်၊ မိမိ၏ရန်သူကိုပင် ပြင်းထန်စွာ ဝေဖန်မည့်အစား “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွတ်ကြ”ရန် ဘုရားရှင် တိုက်တွန်းသည် (:၁၃)။ ဤဖြေရှင်းနည်းသည် မိမိနှင့်သဘောထားချင်း တိုက်ဆိုင်သော လူနေမှုပုံစံနှင့် ယုံကြည်ချက်ရှိသူများ အတွက်သာ မကန့်သတ်ထားပါ။ ခက်ခဲသည့်တိုင် ကျွန်ုပ်တို့ကို ခရစ်တော်လမ်းပြသည့်အတိုင်း မိမိသည် မေတ္တာတော်ဖြင့် ရွေးဝယ်ခြင်း ခံရသည်ကို သိမှတ်လျက် ကျွန်ုပ်တို့တွေ့ကြုံရသူတိုင်းအား ကျေးဇူးမေတ္တာ ကမ်းလှမ်းနိုင်ပါစေ။