Monday, January 21, 2013

ဖွင့်ထားသောလက်များ 21.01.2013

 ဝေးသေးသောအခါ အဘသည် သူ့ကိုမြင် လျှင် သနားသောစိတ်ရှိသည်နှင့် ပြေးသွား ၍ သား၏လည်ပင်းကို ပိုက်ဖက်လျက် နမ်းရှုပ်လေ၏။ လု ၁၅း ၂၀ အမေရိကန် သမ္မတကတော် ‘ဘက်တီဖို့ဒ်’ ၏ဈာပန၀တ်တွင် သားဖြစ်သူ ‘စတိဗ်’က အောက်ပါ အတိုင်း ပြောကြားခဲ့သည်။ “အမေ့မှာ မေတ္တာတွေ၊ နှစ်သိမ့်မှုတွေရှိတယ်။ သူကပဲ စတင်ပြီး ပွေ့ဖက်သူ လည်းဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်လုံးလုံး အရက်သမားဘ၀နဲ့ ကျွန်တော်ကျင်လည်ခဲ့စဉ်က အမေဟာ ကျွန်တော့်ကို အကောင်းဆုံးလက်ဆောင် တစ်ခုပေးခဲ့တယ်။ အဲဒီလက်ဆောင်ကြီးကတော့ ဘုရားထံမှာ ဘယ်လိုအညံ့ခံ အပြစ်ဝန်ချရမလဲ၊ အသက်တာမှာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ဘယ်လိုလက်ခံရမလဲ၊ ဘယ်လိုရယူရမလဲဆိုတဲ့ လက်ဆောင်ပါပဲ။ တကယ်ပါ။ ပွေ့ပိုက်ထားတဲ့ အမေ့ရဲ့လက်ထဲမှာ ကျွန်တော်ဟာ အိမ်ပြန်လာတဲ့ ပျောက်သောသားလို ခံစားရပြီး၊ အမေကနေတဆင့် ဘုရားသခင် ရဲ့မေတ္တာ တော်ကို ခံစားလိုက်ရတယ်။ ဒါဟာကောင်းမြတ်တဲ့လက်ဆောင်ပါပဲ။” မိမိ၏အမွေကိုတောင်းပြီး သုံးဖြုန်းပစ်လိုက်သည့်လူငယ်လေးသည် ဥစ္စာ ပြုန်းတီးကုန်မှ နှိမ့်ချလျက်နောင်တဖြင့် အိမ်ပြန်လာရာ၊ သူ့ဖခင်၏ကြိုဆိုတုံ့ပြန်ပုံက အံ့ဩ စရာပါ။ “ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင် သနားသောစိတ်ရှိသည်နှင့်ပြေးသွား ၍ သား၏လည်ပင်းကို ပိုက်ဖက်လျက် နမ်းရှုပ်လေ၏” (လု ၁၅း ၂၀)။ ဆုံးမအပြစ်ပေးခြင်းထက် ဖခင်သည် သားအတွက်ပွဲခံပေးပြီး ချစ်မေတ္တာနှင့်ခွင့်လွှတ်ခြင်းကို ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် “ငါ့သားသည် အထက်က သေ၏။ ယခုရှင်ပြန်၏။ အထက်က ပျောက်၏။ ယခု တွေ့ပြန်၏” ဟုဆိုလေ၏ (း ၂၄)။ စတိဗ်ဖို့ဒ်က “ကျေးဇူးတင်ပါတယ်အမေ၊ ဘုရားသခင်ရဲ့နှလုံးသားနဲ့ ကျွန်တော် တို့ကိုချစ်လို့၊ အဖေ့ကိုချစ်လို့၊ ကျွန်တော်တို့ကလေးတွေကိုချစ်လို့၊ အမိနိုင်ငံတော်ကိုချစ်လို့ ကျေးဇူးတင်ပါတယ်” ဟု အမေ့အတွက် ဂုဏ်ပြုစကားကို အဆုံးသတ်ခဲ့သည်။ သူ့ထံမျက်မှောက်ပြု လှည့်ပြန်သူများအတွက် ကိုယ်တော်က လက်ဖွင့်ကမ်း ကြိုနေသည့်နည်းတူ တစ်ပါးသူတို့အတွက် ကျွန်ုပ်တို့လည်း လက်ဖွင့်ကမ်းကြိုနိုင်အောင် ဘုရားသခင် မစတော်မူပါစေ။

No comments:

Post a Comment